အပြင်မှာပြီးရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ ဟုတ်လို့လား
“အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရလို့ပါ ငယ်ရယ်” ဆိုတဲ့ အသနားခံမျက်လုံးလေးတွေနဲ့ တီးတိုးရေရွတ်သံလေးတွေကြောင့် မလွဲသာမရှောင်သာ မီးနီပေးဖြတ်လိုက်ရပြန်ပြီလား။
“အထဲမှာမပြီးရင် ဘာမှမဖြစ်နိုင်ပါဘူး ငယ်ရယ်၊ အပြင်မှာပဲ ပြီးလိုက်မယ်နော်” ဆိုတဲ့ စကားလုံးတွေနောက်မှာ ကိုယ့်ရဲ့နောက်ဆံတင်းရမှု၊ စိတ်မချရမှု၊ စိုးရိမ်ပူပန်ရမှုတွေကို ခဝါချလိုက်ရပြန်ပြီလား။
အဲဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် သတင်းဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာ သုက်လွှတ်လိုက်တာတစ်ခုတည်းနဲ့ ကိုယ်ဝန်ကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိလို့ပါပဲ။ တခြား ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ ဖြစ်ရပ်တွေကိုပါ တစ်ဆက်တည်းပြောရမယ်ဆိုရင်
၁။ ယောက်ျားလေးတစ်ယောက်ဟာ လိင်စိတ်ထကြွနေချိန်မှာ ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ သုက်ဦးရည်ကြည် (Pre-cum) တွေ ထွက်ပါတယ်။ ဒါဟာ သုက်လွှတ်တာမဟုတ်ဘဲ ယောက်ျားလေး တစ်ယောက် လိင်စိတ်ထကြွတဲ့အချိန်တိုင်း ထွက်တဲ့အရည်ဖြစ်ပြီး၊ သူ့ထဲမှာလည်း သုက်ပိုးကောင်တွေ အနည်းနဲ့အများ ပါနေနိုင်တာကြောင့် ကွန်ဒုံးမပါဘဲ ဆက်ဆံလိုက်တဲ့အခါ လိင်စိတ်ထနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လိင်တံထိပ်က သုက်ဦးရည်ကြည်တွေဟာ ပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိန်းမကိုယ်အတွင်းမှာ ရှိနေမှာပါ။
၂။ ထိုးသွင်းဆက်ဆံမှုမပြုဘဲ ယောက်ျားလေးတစ်ယောက်ရဲ့ ထောင်မတ်နေတဲ့အင်္ဂါနဲ့ မိန်းမကိုယ်ပတ်လည်ကို ပွတ်သပ်တာ၊ ရိုးရိုးလက်နဲ့ အာသာဖြေပြီး မိန်းမကိုယ်ပတ်လည်မှာ ဆန္ဒပြီးမြောက်လိုက်တာဆိုရင်လည်း စိတ်မချရပါဘူး။ ပထမတစ်ချက်ကတော့ အပေါ်မှာပြောခဲ့သလို သုက်ဦးရည်ကြည်တွေ မိန်းမကိုယ်ထိပ်မှာ ဝင်နိုင်သလို တပ်ထွက်တွေဆိုရင် လိင်စိတ်အကြွလွန်ပြီး သုက်လွှတ်မိနိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ယောက်ျားလေးတွေရဲ့ သုက်ရည်တွေဟာ ပျစ်ချွဲမှုကွာတယ်ဆိုပေမယ့် စက္ကန့်ပိုင်းအတွင်းမှာ ဒီသုက်ရည်တွေဟာ ကျဲသွားပြီး မိန်းမကိုယ်အတွင်းကို မတော်တဆ ဝင်သွားနိုင်ပါတယ်။
၃။ အထဲမှာ သုက်လွှတ်ပြီး ဆန္ဒပြီးမြောက်လိုက်ပေမယ့် ကာယကံရှင် လေဒီလေးတွေဘက်က ရေချိုးခန်းထဲပြေးပြီး အမြန်ဆေးကြောသန့်ရှင်းလိုက်တယ်၊ ဆီးသွားလိုက်တယ်၊ အဲဒါဆိုရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာလည်း လုံးဝမှန်တဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဥပမာ - သုက်ရည်ပန်းထုတ်အား ပြင်းတဲ့အမျိုးသားတွေဆိုရင် အထဲမှာ ပြီးလိုက်တာနဲ့ မိန်းမကိုယ်အတွင်းထဲထိ အကွာအဝေးတော်တော်လေး ရောက်သွားနိုင်ပြီး မမျိုးဥနဲ့ ပူးပေါင်းနိုင်ခြေ အလွန်များပါတယ်။ ဒါ့အပြင် မိန်းမကိုယ်အတွင်းက သုက်ရည်တွေကို ဆေးကြောသန့်ရှင်းလိုက်တယ်ဆိုတာနဲ့ အထဲမှာရှိသမျှ သုက်ပိုးကောင်ရေအားလုံး အပြင်ထွက်သွားမှာမဟုတ်ပါဘူး။ ယောက်ျားလေးတစ်ယောက်ရဲ့ သုက်ရည်မှာ သုက်ပိုးကောင်ရေ သန်းနဲ့ချီပြီး ပါဝင်တဲ့အတွက် အနည်းနဲ့အများတော့ မိန်းမကိုယ်အတွင်းမှာကျန်ပြီး မမျိုးဥနဲ့ သွားပေါင်းနေနိုင်ပါတယ်။
၄။ ကွန်ဒုံးတော့ မခံချင်ဘူး၊ တခြားနည်းလမ်းတွေအနေနဲ့ တားဆေးသောက်တဲ့သူတွေမှာ ဆေးကိုရက်မှန်အောင် မသောက်တာ၊ ဆေးသောက်ဖို့ ပျက်တဲ့ရက်တွေ များလွန်းနေတာ၊ အရေးပေါ်တားဆေးသောက်တဲ့အချိန် နောက်ကျသွားတာမျိုးတွေမှာ ကိုယ်ဝန်ရနိုင်ပါတယ်။ နောက်ထပ်သတိထားသင့်တာကတော့ တားဆေးဟာ အနည်းဆုံး ၈၀% - ၉၀% အထိ ကိုယ်ဝန်တားပေးနိုင်တယ်ဆိုပေမယ့် ၁၀၀% ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့် ကိုယ်ဝန်ရနိုင်ခြေက ရှိကိုရှိနေဦးမှာပါ။
၅။ သုက်ရည်မျိုချရင် ကိုယ်ဝန်ရမလားဆိုပြီး စိတ်ဂယက်ထနေတဲ့ လေဒီလေးတွေအတွက် သတင်းကောင်းကတော့ ကိုယ်ဝန်လုံးဝမရနိုင်ပါဘူး။ လည်ချောင်းကနေ အစာအိမ်ထဲက သုက်ပိုးတွေအားလုံး ရောက်သွားတာဖြစ်တဲ့အတွက် မိန်းမကိုယ်အတွင်းမှာ မမျိုးဥနဲ့ သုက်ပိုးပေါင်းသွားနိုင်ခြေ လုံးဝမရှိပါဘူး။ သတင်းဆိုးကတော့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကတော့ ရနိုင်ခြေရှိပါသေးတယ်။ အထူးသဖြင့် လိင်တံ၊ ပါးစပ်ထဲမှာ အနာဖြစ်နေတာ၊ ပွန်းပဲ့ပြီး ပေါက်နေတာ၊ သွေးထွက်သံယိုဖြစ်နေတာ၊ ကျန်းမာရေးရာဇဝင်မသိတဲ့ သူစိမ်းတွေနဲ့ လိင်ဆက်ဆံတာဆိုရင် ကူးနိုင်ခြေ ပိုများပါတယ်။
ဒီတော့ အပြင်မှာပြီးလိုက်တာနဲ့ ကိုယ်ဝန်မရနိုင်လောက်ဘူးထင်ပြီး ဘဝအနာဂတ်တစ်ခုလုံးကို အလောင်းအစားလုပ်နေတဲ့ အပြုအမူတွေကို အခုကစပြီး သတိထားသင့်ပါပြီ။ လိင်မှုကိစ္စကိုလည်း မရှောင်နိုင်ဘူး၊ ကိုယ်ဝန်ရမှာလည်း ကြောက်သေးတယ်ဆိုရင်တော့ အကောင်းဆုံးလုပ်သင်တဲ့ နည်းလမ်းတွေအနေနဲ့
- ကွန်ဒုံးကို စနစ်တကျသုံးပါ။
- တားဆေးကို ရက်မှန်အောင် သောက်ပါ။
- ကိုယ်ဝန်တားပေးတဲ့ လက်မောင်းတွင်းထည့် သန္ဓေတားဆေး (IUD) ကို သုံးပါ။
- အမျိုးသားများအနေနဲ့ ရာသက်ပန် သားကြောဖြတ်နိုင်ပါတယ်။
- အရေးပေါ်တားဆေးသောက်မယ်ဆိုရင် လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း စောရင်စောသလောက် သောက်ပေးပါ။
ရဲမျိုးမြတ်